Tuesday, January 15, 2013

မြန်မာ့ရိုးရာ ညင်း တူရိယာ



“သံသာ မြလေး
သီကြွေး ညှင်း စောင်း
မိချောင်း စည်းဆုပ်”
ပုဂံမြို့ဟောင်း ဓမ္မရာဇိက ဘုရားနံရံ မင်စာ လင်္ကာ
အနောက်ဖက်လွန်မင်း လက်ထက်
အင်းဝခေတ် (မြန်မာ သက္ကရာဇ် ၉၆၇-၉၉ဝ)

ဒီကနေ့ မြန်မာ့ရိုးရာ တူရိယာတွေထဲက တိမ်ကော ပျောက်ကွယ်သွားပြီဖြစ်တဲ့ ‘ညင်း’ တူရိယာ ကို ရှေးစာတွေမှာ ညင်း၊ ညှင်း၊ ငြင်း၊ ငြှင်း စာလုံးပေါင်း အမျိုးမျိုးနဲ့ တွေ့ရပါတယ်။ 

‘ညင်း’ စာလုံးရဲ့ အဓိပ္ပာယ်က သာယာညင်းပျောင်း ငြိမ့်ညောင်းတယ်လို့ ဆိုလိုတာပါပဲ။ အဲဒါကြောင့် ‘ညင်း’ တူရိယာ က သာသာယာယာ ညင်းညင်း ငြိမ့်ငြိမ့် တီးမှုတ်ရတဲ့ တူရိယာတမျိုး ဖြစ်နိုင်ပါတယ်။

“ပိန်ပေါင် ခရာ၊ စည်ဒုပ္ပာသည်
ပတ်သာ မြို့လုံးခြုံမျှ
ကချီခုန် ပတ်တလား စောင်း ညှင်း ခြိမ်းသံ”
သီတင်းကျွတ်လ ရတု
ရခိုင်စာဆို စိန်တင်ရွာစား ဥက္ကာပျံ
(မြန်မာ သက္ကရာဇ် ၉၂ဝ-၉၈ဝ)

“စာပေ ဝတ္ထု၊ ရတု ကဗျာ
သာသည့် သီချင်း
အဲ စောင်း ငြင်းကို
မကင်းမပြတ်၊ ဖတ်ရွတ် လေ့ကျက်
တီးမှုတ်လျက်သာ နေကောင်းစွာ”
ဝန်ကြီး ပဒေသရာဇာ
(မြန်မာသက္ကရာဇ် ၁ဝ၄၅-၁၁၁၆)
ညောင်ရမ်းခေတ်

ကုန်းဘောင်ခေတ် နံရံဆေးရေးပန်းချီ
အာနန္ဒာ အုတ်ကျောင်း၊ ပုဂံမြို့ဟောင်း

မြန်မာသက္ကရာဇ် ၁၁၃၇ ခုနှစ် ပုဂံမော်ကွန်းထိန်း ဥတ္တနရာဇာ ရဲ့ ကောင်းမှု ပုဂံမြို့ဟောင်း အာနန္ဒာ အုတ်ကျောင်းထဲက ကုန်းဘောင်ခေတ်လက်ရာ နံရံဆေးရေးပန်းချီ တကွက်မှာ ညင်းတူရိယာ လို့ ယူဆနိုင်စရာ လေမှုတ်တူရိယာတခု မှုတ်နေပုံကို တွေ့ရပါတယ်။ 

မြဝတီမင်းကြီး ဦးစ ရေးခဲ့တဲ့ ပရမေသီရိ ဘွဲ့သီချင်းမှာပါတဲ့ တခြားတူရိယာတွေက ငွေခရု၊ ခရာ၊ ပြွေလေမှုတ်တူရိယာအုပ်စုဝင်တွေဆိုတော့ ညှင်း ကလည်းပဲ လေမှုတ်တူရိယာတခုဖြစ်နိုင်ပါတယ်။

“ရိုက်ကြွေးငယ် ပဉ္စင်လေ အေးခြိမ့်မြူး
ခရာ ပြွေ ညှင်း
ငွေမင်းမြတ် သိင်္ခါငယ်ကို”
ပရမေသီရိ ဘွဲ့
မြဝတီမင်းကြီး ဦးစ
(မြန်မာ သက္ကရာဇ် ၁၁၂၈-၁၂၁၅)
ကုန်းဘောင်ခေတ် ဒုတိယပိုင်း

မြဝတီမင်းကြီး ဦးစ နဲ့ ခေတ်ပြိုင်စာဆို မုံရွေးဆရာတော် ရေးသားခဲ့တဲ့ နာရဒပျို့ထဲက ငြိမ့်ညောင်းညင်သာ အငြိမ့်တူရိယာ ခြောက်မျိုးမှာ ညင်းတူရိယာ ပါဝင်ပါတယ်။ အဲဒီ ပျို့ကို ကုန်းဘောင်ခေတ် ဒုတိယပိုင်း ဘကြီးတော်ဘုရား ခေါ် စစ်ကိုင်းမင်း လက်ထက်မှာ ရေးသားခဲ့ပါတယ်။ အဲဒါကြောင့် အင်းဝခေတ် တောင်ငူခေတ် ညောင်ရမ်းခေတ်လောက်မကဘဲ ကုန်းဘောင်ခေတ်လောက်အထိ ညင်းတူရိယာကို သုံးစွဲတီးမှုတ်နေသေးတယ်လို့ မှန်းဆရပါတယ်။

“စောင်း ညင်း မိချောင်း
အောင်းကလေးတခြား ပတ္တလား နှင့်
လက်ဖျားသံနှော တယော ဟူသည်
ခြောက်မည် ငြိမ့်မျိုး”
နာရဒပျို့
မုံရွေးဆရာတော်
(မြန်မာ သက္ကရာဇ် ၁၁၂၈-၁၁၉၆) 

ကုန်းဘောင်ခေတ် အငြိမ့် တူရိယာရှင်များ
 နံရံဆေးရေးပန်းချီ

“နှဲ နှင့် ရွှေတံမြွာ
ဆေးလေး ညီညာ
သင်္ခါလေ ငါးမည်
ညှင်းညှင်း တံရှည် ကျူး”
စိမ်းလဲ့လဲ့ညိုပြာ ဖောင်ဆိုက်ကြိုး
မြဝတီမင်းကြီး ဦးစ
(မြန်မာ သက္ကရာဇ် ၁၁၂၈-၁၂၁၅)

“ညှင်းညှင်း ပဉ္စင် ရွှေတံမြွာ
ကျူးအေး ကျူးအေး”
အလွမ်းဘွဲ့ မွန် ၁၂ ခန်း
ပြင်စည်မင်းသားကြီး
(မြန်မာသက္ကရာဇ် ၁၁၇၅-၁၂၂၄)

မြန်မာ သက္ကရာဇ် ၁၂၃၅-၁၂၆၆ ခုနှစ် အတွင်း မန်လည်ဆရာတော်ကြီး ရေးခဲ့တဲ့ မဃဒေဝ လင်္ကာသစ် အရ လေမှုတ်တူရိယာ တံပိုး ၈ မျိုး ကို ခွဲခြားပြဆိုရာမှာ ဘယ်လိုတူရိယာမျိုးတွေပဲလို့ နာမည်နဲ့တကွ ပြနိုင်စရာ အထောက်အထား ရှာဖွေမတွေ့ရပါ။ မဟာရာဇဝင်ကြီးထဲမှာလည်း မူကွဲတချို့ကိုတွေ့ရပါသေးတယ်။ အဲဒီ တူရိယာတွေကို စာပေကျမ်းဂန်တွေထဲမှာ မှတ်တမ်းတင်ထားခဲ့တာကြောင့် တချိန်တခါတုန်းကတော့ မြန်မာ့ဂီတနယ်ပယ်မှာ သုံးစွဲခဲ့တာ အမှန်ပါပဲ။ 

“တံပိုး ရှစ်မည်၊ ဟူတုံသည်လည်း
သံစည် ငြိမ့်ညောင်း၊ ဒုလောင်း တဖုံ
နှစ်စုံ ခရာ၊ တံမြွာ တံရှည်
အမည်တကွဲ၊ နှဲ ပြွေ ဖက်လိပ်”
မဃဒေဝ လင်္ကာသစ်
မန်လည်ဆရာတော် အရှင်ဇဝန
(မြန်မာ သက္ကရာဇ် ၁၂ဝ၃-၁၂၈၂)

တံပိုး ၈ မျိုးအထဲမှာ တံမြွာ နဲ့ တံရှည် ဆိုတာကို တွေ့ရပါတယ်။ တံမြွာ ဆိုတာ လက်တံ အမြွာနှစ်ခုပါတဲ့ ပလွေတမျိုးဖြစ်တယ်လို့ မှတ်သားရဖူးပါတယ်။ တံရှည် ဆိုတာကတော့ မြဝတီမင်းကြီး ဦးစ က ‘ညှင်းညှင်း တံရှည် ကျူး’ လို့ ဖွဲ့ဆိုခဲ့တဲ့ လက်တံ ရှည်တွေနဲ့ ညင်းတူရိယာ ကို ခေါ်သလားလို့ မှန်းဆမိပါတယ်။

အဲဒီလိုပဲ နံရံဆေးရေးပန်းချီတွေ နဲ့ စာပေကျမ်းဂန်တွေထဲမှာ အများအပြား တွေ့ရပေမယ့် ဒီကနေ့မှာတော့ မြန်မာ့ရိုးရာ ညင်းတူရိယာ တကယ့်ပစ္စည်းအစစ်ကို မြင်ဖူးရုံတောင်မှ မြင်ဖူးဖို့ မဖြစ်နိုင်တော့ပါ။ 

ရတနာပုံခေတ်နှောင်း သီပေါဘုရင် ပါတော်မူပြီးချိန်အထိ ညင်းတူရိယာ ကို တွင်တွင်ကျယ်ကျယ်မဟုတ်တောင်မှ မှုတ်တတ်တဲ့သူရှိနေဆဲ၊ မြန်မာ့ဂီတမှာ သုံးစွဲနေဆဲအချိန်ကာလ ဖြစ်လိမ့်မယ်လို့ မှန်းဆနိုင်ပါတယ်။ 

ခရစ် သက္ကရာဇ် ၁၉၁၇ ခုနှစ် လင်းပင်မင်းသားကြီး အိန္ဒိယပြည်ကိုမသွားခင် သူ စုဆောင်းထားတဲ့ တူရိယာတွေကို ပေးကမ်းခဲ့တုန်းက စောင်း၊ ညှင်း နဲ့ တယော တို့ ပါဝင်ကြောင်းကို လူထုဒေါ်အမာရေးတဲ့ မြန်မာ့မဟာဂီတ စာအုပ်မှာ တွေ့ရပါတယ်။ နောင်အခါမှာ လင်းပင်မင်းသားကြီး ရဲ့ သားမက်တော်စပ်လာခဲ့တဲ့ ဦးခင်မောင်ဒွေး က အဲဒီ ညှင်းတူရိယာကို မြင်ဖူးလိုက်ပေမယ့် မသုံးတတ်တာကြောင့် ယူမထားမိလိုက်ဖူးလို့ ပြောပါသတဲ့။

လင်းပင်မင်းသားကြီး ရဲ့ ညှင်းတူရိယာ က ဘူးသီးခြောက်ကို အပေါက်ဖောက်၊ ဝါးလက်တံ နှစ်ခု တပ်ထားပြီး မှုတ်ရမယ့်နေရာကတော့ နှဲ လိုပဲ အခင် ပါကြောင်းကို သိရပါတယ်။ ဝါးလက်တံ နှစ်ခု မှာ အပေါက် ၃ ပေါက်စီပါပြီး စစ်စီး သားရိုးကိုင် ရွှေချထားလို့ ဘူးသီးခြောက်ကို လုပ်ထားမှန်းတောင် မသိနိုင်ဘူးလို့ ပုံဖော်ပြောကြားကြောင်း မှတ်သားရပါတယ်။ အထက်မှာ တင်ပြထားတဲ့ နံရံဆေးရေးပန်းချီတွေထဲက ပုံတွေနဲ့တော့ ကွဲပြားလိမ့်မယ်လို့ ထင်ရပါတယ်။ ရှေးစာတွေထဲက တံမြွာ တူရိယာပဲလားလို့လည်း မှန်းဆရပါတယ်။

အိန္ဒိယ၊ ပါကစ္စတန်ပြည်က မြွေအလမ္မယ်ဆရာတွေ သုံးလေ့ရှိတဲ့ Pungi နဲ့ တရုတ်ပြည် တောင်ပိုင်းက Hulusi ဘူးသီးခြောက်ပလွေတွေလိုပဲ ဝါးလက်တံ နှစ်ခုကို အလျားလိုက် တည့်တည့် တပ်ထားသလား၊ တောင်ပိုင်း တရုတ်၊ လားဟူ၊ လီဆူး လူမျိုးစုတွေရဲ့ Naw/Hulusheng ခေါ် ဘူးသီးခြောက်ပလွေလို ဘူးသီးခြောက်အပေါ်မှာ ဝါးလက်တံ နှစ်ခုကို ထောင်လိုက် တပ်ထားသလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိနိုင်ပါ။ 

Pungi ဘူးသီးခြောက်ပလွေ
(အိန္ဒိယ၊ ပါကစ္စတန်) 

Hulusi ဘူးသီးခြောက်ပလွေ
(တရုတ် ပြည်တောင်ပိုင်း) 

Naw/Hulusheng ဘူးသီးခြောက်ပလွေ
(တောင်ပိုင်း တရုတ်၊ လားဟူ၊ လီဆူး) 

မြန်မာ့ ဘူးသီးခြောက်တူရိယာ (၁၉ ရာစု)

‘ကမ္ဘာ့ ရိုးရာ တူရိယာများ’ စုဆောင်းမှုတခုမှာ ‘၁၉ ရာစု၊ မြန်မာ့ ဘူးသီးခြောက်တူရိယာ’ လို့ မှတ်တမ်းတင်ထားတဲ့ ဘူးသီးခြောက်တူရိယာကိုတော့ သုတေသန ဆက်လုပ်ဖို့ လိုနေပါသေးတယ်။ ဘယ်အရပ်၊ ဘယ်ဒေသက ရရှိပြီး ဘယ်သူတွေ တီးမှုတ်ကြောင်း မှတ်တမ်းကိုတော့ မတွေ့ရပါ။ 

တပ်အပ်သေချာ မပြောနိုင်ပေမယ့် မြန်မာ့ညင်းတူရိယာ က အဲဒီ ဘူးသီးခြောက်ပလွေမျိုးတော့ ဟုတ်ကောင်းမှ ဟုတ်ပေလိမ့်မယ်။ ရှေးမြန်မာတွေက မြန်မာရိုးရာ တူရိယာတွေကို အခြေခံပစ္စည်းအရိုင်းအတိုင်း ထားလေ့မရှိကြဘဲ စစ်စီးသုတ်၊ မှန်စီ ရွှေချ အလှဆင်တတ်တဲ့ အလေ့အထရှိပါတယ်။ 

ထူးခြားတာကတော့ ပုံကို သေသေချာချာကြည့်ရင် အဲဒီ ဘူးသီးခြောက်တူရိယာ မှုတ်ရမယ့်နေရာမှာ နှဲ လိုပဲ အခင် တခု ပါနေကြောင်းကို တွေ့ရပါမယ်။

အာရှတိုက် လူမျိုးစုတွေရဲ့ အခင် အုပ်စုဝင် ဘူးသီးခြောက်တူရိယာ အင်္ဂါရပ်တွေမှာ အနည်းနဲ့ အများ တူညီချက်တွေရှိကြတယ်။ တူရိယာ ရဲ့ လေလှောင်ခန်း (wind chamber/wind chest) အဖြစ်လုပ်ထားတဲ့ ဘူးသီးခြောက်၊ ဝါးလုံး၊ သစ်သားထွင်းအိုး တခုခုအထဲက ဝါးပြွန်လုံး တလုံးစီမှာ လွတ်လွတ်လပ်လပ် တုန်ခါစေနိုင်တဲ့ အခင်မျိုး (free reed) တခုစီ ထည့်ထားလေ့ရှိကြတယ်။ အဲဒီ ဝါးလုံးငယ်ကလေးတွေရဲ့ အပြင်ဘက်မှာလည်း လေပေါက်ငယ် တခုစီပါကြတယ်။ တူရိယာမှုတ်တဲ့အခါ အဲဒီ လေပေါက်ငယ်တွေကို ပိတ်လိုက် ဖွင့်လိုက် လုပ်ရာက အသံစဉ်တွေ ထွက်လာပါတယ်။ 

လေလှောင်ခန်း၊ ဝါးပြွန်တွေနဲ့ လေပေါက်တွေ
Khene/Khaen (ထိုင်းလင်း)

Mbuat(ဗီယက်နမ်) 

Engkerurai/Keluri/Keledi
(ဘော်နီယိုကျွန်း၊ အင်ဒိုနီးရှား) 

Sumpoton
(Dusun လူမျိုးစု) (မလေးရှား)

Gaeng/Qeej (Hmong လူမျိုးစု)
(တောင်ပိုင်း ထိုင်းလင်း၊ လာအို) 

Sho (ဂျပန်) 

Cheng (တရုတ်) 

Khene/Khaen (ထိုင်းလင်း)
Ken (ကမ္ဘောဒီယား)၊ Kaen (လာအို)

အိမ်နီးချင်း ထိုင်းလင်း၊ ကမ္ဘောဒီယား၊ လာအို နိုင်ငံတွေက ဆင်တူ တူရိယာနဲ့ မြန်မာ့ ညင်းတူရိယာ တို့ ဆက်စပ်မှုရှိကြသလား ဆိုတဲ့ မေးခွန်းအတွက်ကိုလည်း ဆက်လက် သုတေသနလုပ်ဖို့ အများကြီးလိုနေပါသေးတယ်။ မြန်မာ့ ညင်းတူရိယာ တခုတလေများ တွေ့လိုက်ရရင်တော့ ပျောက်နေတဲ့ ကွင်းဆက်ကို ဖော်ထုတ်နိုင်ပါလိမ့်မယ်။ 

ခရစ်နှစ် ၁၉ဝ၂ အတွင်းက Kaen ပညာရှင်၊ ဗုံ တီးသူ နဲ့ ကချေသည်များ (လာအို) 

Khaen/Ken/Kaen တူရိယာ ကို မြန်မာ့ရိုးရာ ပန်းချီအမြင်သဘောအရ နည်းနည်း ကွေးညွှတ်ပြီး ရေးဆွဲကြည့်လိုက်မယ်ဆိုရင် ကုန်းဘောင်ခေတ် နံရံဆေးရေးပန်းချီထဲက လေမှုတ်တူရိယာနဲ့ တော်တော်ပဲ နီးနီးကပ်ကပ် ဆင်တူနေကြောင်း တွေ့ရပါလိမ့်မယ်။ 

ပုဂံမြို့ဟောင်း အာနန္ဒာ အုတ်ကျောင်း၊ မြန်မာသက္ကရာဇ် ၁၁၃၇
နံရံဆေးရေးပန်းချီ ကို ကူးယူထားတဲ့ အဝတ်ပန်းချီ

ကုန်းဘောင်ခေတ် နံရံဆေးရေးပန်းချီမှာပါတဲ့ လေမှုတ်တူရိယာက စကေးကိုက် အချိုးကျကျ မှတ်တမ်းတင်ထားပုံမျိုး မဟုတ်ပေမယ့် Khaen/Ken/Kaen တူရိယာတွေနဲ့ ဆင်တူ မူကွဲ တူရိယာတမျိုးဖြစ်တဲ့ မြန်မာ့ရိုးရာ ညင်း တူရိယာ ဖြစ်နိုင်စရာရှိတယ်လို့ ခန့်မှန်း ယူဆကြည့်မိပါတယ်။




ရန်ဝင်း (တောင်တံခါး)
အောက်တိုဘာ ၁၅၊ ၂၀၁၁
အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း

(၁) မဟာဂီတ၊ ပ၊ ဒု၊ တ-တွဲ ပေါင်းချုပ်၊ နိုင်ငံတော်မူ၊ ပဉ္စမ အကြိမ်၊ ဒီဇင်ဘာလ၊ ၁၉၉၇
(၂) အခြေခံ ကြိုးသီချင်း တဆယ့်သုံးပုဒ် အဖွင့်၊ ဦးဂုဏ်ဘဏ် နှင့် နန်းညွန့်ဆွေ၊ အောက်တိုဘာလ၊ ၁၉၇၁
(၃) ဂီတဝိသောဓနီကျမ်း၊ မောင်မောင်လတ်၊ ဆဋ္ဌမအကြိမ် ပုံနှိပ်၊ မေလ ၁၉၉၄
(၄) မြန်မာစာပေသမိုင်း၊ ဦးဖေမောင်တင်၊ မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ်
(၅) မြန်မာ့မဟာဂီတ၊ လူထုဒေါ်အမာ၊ ဇွန်လ၊ ၁၉၈၉
(၆) www.asza.com
(၇) www.librarymusicians.com
(၈) www.wikipedia.org

ဟေလာမောင်ရို့ဝါး




“မိုး၊ မိုး၊ မိုးလားမောင်ရို့။ လေ၊ လေ၊ လေလားမောင်ရို့။ 
စိန်၊ စိန်၊ စိန်လားမောင်ရို့။ မြ၊ မြ၊ မြလားမောင်ရို့။
 
မိုးလားဟေ့၊ လေလားဟေ့၊ စိန်လားဟေ့၊ မြလားဟေ့၊
 ဟေလာမောင်ရို့ဝါး။”
မြန်မာ့ရိုးရာ သံချပ်

မြန်မာတို့ဓလေ့မှာ ‘ဟေလာမောင်ရို့ဝါး’ နဲ့ ကြီးပြင်းလာကြတာ ဆိုတော့၊ မိုး၊ မိုး၊ မိုးလားမောင်ရို့ လို့ တယောက်ယောက်က စပြီး တိုင်လိုက်ရင်ပဲ လေ၊ လေ၊ လေလားမောင်ရို့ လို့ သံပြိုင်လိုက်ဖို့ရယ်၊ ဟေလာမောင်ရို့ဝါး နဲ့ အဆုံးသတ်ဖို့အတွက်ပါ အဆင်သင့် ဖြစ်နေနှင့်ကြပြီ။



ဟေလာမောင်ရို့ဝါးလို့ ဆိုလိုက်တာနဲ့ အိုးစည်ဝိုင်း ဒိုးပတ်ဝိုင်းတွေက တွဲဖက်ပြီး ပါလာရပါတော့တယ်။ မြန်မာဘုရင်တွေ လက်ထက်တုန်းကတော့ နန်းတွင်းသုံးအိုးစည် နဲ့ ကျေးလက်သုံး အိုးစည်ရယ်လို့ နှစ်မျိုး ရှိခဲ့ဖူးတယ်။ ဒီကနေ့မှာတော့ အိုးစည်သံနဲ့ ဒိုးပတ်သံတွေက မြန်မာ့ရိုးရာဓလေ့မှာ လူထုနဲ့ အနီးစပ်ဆုံးဂီတဖြစ်နေပါပြီ။ လူထုကလည်း ထဲထဲဝင်ဝင် အသိဆုံး၊ အရင်းအနှီးဆုံး ဖြစ်ပါတယ်။ အနည်းဆုံး ဝါးလက်ခုပ်လောက်တော့ ဝင်တီးနိုင်ကြတယ်။

“ရွှေဗျာဒိတ်ကယ်နှင့် တံဆိပ် တံဆိပ်ခံ၊ နတ်တိုင်းနိုင်ငံ ပြည်တော်တွင်း၊ ကြေညာ ကြေညာလင်းပါလို့ သတင်းဆူ။”
နန်းတွင်းသုံး ရှေးအိုးစည်သီချင်း၊ ရေးသူ - အမည်မသိ


“ရွှေအိုးစည်လွယ်သလေ၊ လိမ်ဖယ်ဖယ် တီးပါ့မောင်ရယ်၊ မယ်မယ်နဲ့နီးခါမှ လက်သီးကိုရွှေချမယ်။”
ကျေးလက် ရှေးအိုးစည်သီချင်း၊ ရေးသူ - အမည်မသိ

အိုးစည်ဝိုင်း၊ ပန်းချီ ဦးဗကြည်

အိုးစည်ကို ပခုံးတဖက်တည်းမှာပဲ လွယ်ထားရတော့ တီးတဲ့အခါ လိမ်ဖယ်ဖယ် ဖြစ်နေတယ်။ အိုးစည်က နာမည်အတိုင်းပဲ အိုးပုံစံမှာလည်တံရှည်ရှည်၊ စုစုပေါင်းအရှည် ၃ ပေလောက်နဲ့ မျက်နှာဝက အချင်း ၁ဝ လက်မလောက်ရှိတယ်။ ညောင်ပင်ရဲ့သစ်သားပြာ၊ ညောင်ပြာ နဲ့ ထမင်းပျော့ပျော့ကို နယ်ထားတဲ့ ပတ်စာ ထည့်ပြီး တွဲဖက်တီးမယ့် နှဲ၊ ပလွေတို့ရဲ့ သံမှန် အတိုင်း ညှိထားပါတယ်။

“အမျိုးနော် တကယ် မြတ်ပါတဲ့၊ ကိုးနဝရတ်ရောင်စုံခြယ်၊ ဒိုးပတ်ကိုတဲ့ လွယ်ပါတယ်”
ရှေးဒိုးပတ်သီချင်း၊ ရေးသူ - အမည်မသိ

ဒိုးပတ်ဝိုင်း၊ ပန်းချီ ဦးဗကြည်

ဒိုးပတ်ကိုတော့ ဘယ်ညာ နှစ်ဖက်တီးမှာဆိုတော့ လည်ပင်းမှာ သိုင်းလို့ လွယ်ရပါတယ်။ အကြမ်းအားဖြင့် ဒိုးပတ်က ၁ ပေ ၆ လက်မ၊ ၂ ပေ နဲ့ ၂ ပေ ၆ လက်မ အရွယ် သုံးမျိုးလောက် ရှိတယ်။ မျက်နှာဝနှစ်ဖက်က ရွယ်တူ မဟုတ်ကြပါ။ အရွယ်ပိုကြီးတဲ့ ညာဖက်မျက်နှာဝက အချင်း ၁ဝ လက်မလောက်နဲ့ ဘယ်ဖက်က အချင်း ၇ လက်မလောက် ရှိပါတယ်။ ပတ်စာ ထည့်ပြီး အသံညှိတဲ့အခါ၊ တွဲဖက်တီးမယ့် နှဲ၊ ပလွေတို့ရဲ့ မူတည်သံနဲ့ ညီညွတ်အောင် ပတ်စာ ထည့်ပြီး ညာဖက်ကို သံမှန်၊ ဘယ်ဖက်ကို လေးပေါက်သံ၊ တချို့လည်း ငါးပေါက်သံထားတီးပါတယ်။ ရှေးကတော့ ဒိုးပတ် တလုံးတည်း တီးကြတယ်။ ဒီကနေ့မှာတော့ ‘ခေါ်ဒိုး’ နဲ့ ‘လိုက်ဒိုး’ ဆိုပြီး နှစ်လုံးတွဲတီးပါတယ်။

မြန်မာ့ရိုးရာ အိုးစည် နဲ့ ဒိုးပတ် နှစ်မျိုးစလုံးက အသံစုံတူရိယာတွေ မဟုတ်ကြဘူးလေ။ တွဲဖက် တီးမှုတ်ကြဖို့ရာ နှဲ၊ ပလွေ၊ လင်းကွင်း နဲ့ ဝါးလက်ခုပ်တွေလည်း ပါသေးတယ်။ ဒါပေမယ့် အိုးစည် နဲ့ ဒိုးပတ်တို့ကိုမူတည်ပြီး အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းရယ်လို့ပဲ ခေါ်ကြတယ်။ အယိုင်တီးကြတာချင်း တူပေမယ့် အိုးစည်ဝိုင်း နဲ့ ဒိုးပတ်ဝိုင်းတွေမှာ သီချင်း၊ တီးတဲ့ ဟန်ပန်နဲ့ မူလအတောအပိုဒ်တွေ အပါအဝင် တခုချင်းစီအနေနဲ့ လုံးဝ ကွာခြားပါတယ်။ မူလ အတောပိုဒ်ကို ကြားလိုက်ရုံနဲ့တင်ပဲ အိုးစည်ဝိုင်းလား၊ ဒိုးပတ်ဝိုင်းလားလို့ ခွဲခြားပြီး သိနိုင်တယ်။
 

အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းလို့ ပြောလိုက်တာနဲ့ တပြိုင်နက်၊ ချက်ချင်း တန်းပြီးမြင်မိကြမှာက ပျော်ရွှင်မြူးကြွတဲ့ ဦးရွှေရိုးအကကိုပါပဲ။ အိုးစည်ဝိုင်း ဒိုးပတ်ဝိုင်းတွေက ဦးရွှေရိုးအကနဲ့ တသားတည်းကျနေပါပြီ။ ခွခြားလို့မရနိုင်တော့ပါ။ ဦးရွှေရိုးအက မပါရင် အိုးစည်ဝိုင်းနဲ့ ဒိုးပတ်ဝိုင်းတွေ ဟာတာတာ ဖြစ်ကုန်တယ်။

မျက်ခုံးမွှေးထူထူ၊ နှုတ်ခမ်းမွှေး ကားကား၊ မျက်နှာပေးက ပြုံးစိစိနဲ့ မချိုမချဉ်၊ ခေါင်းပေါင်းနဲ့ တိုက်ပုံအင်္ကျီက ဖိုးရိုးဖားရား၊ ပုဆိုးတောင်ရှည် ကွက်ကျားကြီးဝတ်ပြီး ပုသိမ်ထီးငယ်ငယ်ကလေးကို ကိုင်ထားတဲ့ ဦးရွှေရိုးကြီးရဲ့ဟန်ပန်ကိုက မြင်ရုံနဲ့တောင်မှ ရယ်ချင်စရာ ဖြစ်နေတယ်။ အိုးစည် ဒိုးပတ် အယိုင်တီး ခပ်သွက်သွက်နဲ့ နောက်တောက်တောက် ပြောင်ချော်ချော် ကလိုက်ပြန်တော့ ပွဲကြည့်ပရိသတ်က မရိုးမရွဖြစ်လာပြီး၊ တဝါးဝါးတဟားဟားနဲ့ ကိုယ်တိုင်ပဲဝင်လို့ ကချင်ခုန်ချင်ဖြစ်လာကြတော့တယ်။

တကယ်လည်း ဦးရွှေရိုးကြီးက ပွဲကြည့်ပရိသတ်အားလုံးနဲ့ တွဲကတာပါ။ ကနေရင်း ပရိသတ်ထဲက မိန်းကလေးတွေနဲ့ ကလေးတွေကို နောက်တယ်၊ ပြောင်တယ်၊ မျက်စပစ်ပြတယ်။ ပရိသတ်ထဲမှာ တကယ် က ရဲတဲ့ မိန်းကလေးတွေ ပါလာရင်လည်း ဝိုင်းထဲဝင်ပြီး ဦးရွှေရိုးကြီးနဲ့ အပျော် တွဲကကြတာပါပဲ။ အင်မတန်မှ လွတ်လွတ်လပ်လပ်နဲ့ ပျော်စရာကောင်းတယ်။

ဦးရွှေရိုးအကရယ်လို့ သမိုင်းတခေတ် တွင်ပြီးကျန်ရစ်ခဲ့အောင်၊ ဦးရွှေရိုး အဝတ်အစား၊ ဦးရွှေရိုးရဲ့ဟန်ပန် နဲ့ ဦးရွှေရိုးအက ကိုပါ တီထွင်သွားသူကတော့ စွယ်စုံရ ပညာရှင်ကြီး၊ ကာတွန်းရွှေတလေး ခေါ် ဦးဘကလေး ဖြစ်ပါတယ်။ ရုပ်ပြောင်းရုပ်လွဲ မိတ်ကပ်ပညာမှာ အင်မတန် ထူးချွန်တဲ့ သဘာရင့် ရုပ်ရှင်မင်းသားကြီးလည်း ဖြစ်ပါတယ်။ ၁၉၂၃ ခုနှစ်က ‘တောမြိုင်စွန်းက လွမ်းအောင်ဖန်’ ရုပ်ရှင်ဇာတ်ကားမှာ ဦးရွှေရိုးကြီးအဖြစ် ကိုယ်တိုင် သရုပ်ဆောင်ပြီး၊ ဦးရွှေရိုးကြီး ကို ပထမဆုံး ပွဲထုတ်ခဲ့တယ်။ နောက်ပိုင်း ဆက်ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ဦးရွှေရိုးကြီးအဖြစ် ပါဝင် သရုပ်ဆောင်ပါသေးတယ်။

မူလပထမ ဦးရွှေရိုးကြီး၊ ရွှေတလေး (ဦးဘကလေး)
၁၈၉၃-၁၉၄၅

ဒီကနေ့ ဦးရွှေရိုးအကမှာ ဒေါ်မိုးဆိုတဲ့ အမျိုးသမီးဇာတ်ရုပ်တခု ပါလာတာကို တွေ့ကြရပါလိမ့်မယ်။ ဒေါ်မိုးက ဘီးဆံပတ် ဆံထုံးကြီး ထုံးပြီး မြန်မာ့ရိုးရာ အမျိုးသမီးဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ပါတယ်။ ကတာကတော့ အိုးစည် ဒိုးပတ် အယိုင်အကပါပဲ။ ဦးရွှေရိုးနဲ့ ဒေါ်မိုးတို့ အကပြိုင်ကြ၊ အပြန်အလှန် နောက်ကြပြောင်ကြတဲ့ ကကွက်တွေကိုပါ ထည့်ပြီး ကကြပြန်တော့ ပိုပြီး မြိုင်ဆိုင်လာတာပေါ့။

ဦးရွှေရိုး နဲ့ ဒေါ်မိုး

တောမြိုင်စွန်းက လွမ်းအောင်ဖန် ရုပ်ရှင်ကားထဲမှာ ဒေါ်မိုးက ဦးရွှေရိုးရဲ့ အိမ်နီးချင်းပါ။ ဇာတ်လမ်းအရ ဒေါ်မိုးကို ဦးရွှေရိုးက ကျိတ်ပိုးနေတယ်။ ဒေါ်မိုးကလည်း ဦးရွှေရိုးကို ခပ်ကျကျပါပဲ။ ဒါပေမယ့် ညိုမြ လုပ်နေပြန်တယ်။ ရုပ်ရှင်ထဲမှာ ဦးရွှေရိုးက ဒေါ်မိုးကို တိတ်တိတ်ချောင်းပြီး သင်္ကြန်ရေပက်တဲ့အခန်း ပါပါတယ်။ ဒေါ်မိုးကို ရေပက်အပြီး နောက်နောက်ပြောင်ပြောင်နဲ့ ပျော်ပျော်ကြီးကတဲ့ အကဟာ ပထမဦးဆုံး ဦးရွှေရိုးအကပါပဲ။ ဦးရွှေရိုးနဲ့ ဒေါ်မိုးအတွဲဆိုတာ အဲဒီကတည်းက စခဲ့ပါတယ်။

“နှစ်သစ်ကူး သင်္ကြန်ရေပက်မဗျို၊ ရွှေမျက်နှာကအို၊ ဦးရွှေရိုးက ဒေါ်မိုးကို၊ ညိုမြ ညိုမြဆို။”
တောမြိုင်စွန်းက လွမ်းအောင်ဖန် ရုပ်ရှင်ကားမှ ဦးရွှေရိုးရေပက်သီချင်း၊ နန်းတော်ရှေ့ဆရာတင်

အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းနဲ့ တွဲဖက်တဲ့ တခြားအကတမျိုးက သူငယ်တော်အက ဖြစ်ပါတယ်။ သူငယ်တော်ရဲ့ဇာတ်ရုပ်က အများမြင်တွေ့ဖူးကြတဲ့ ဖိုးဝရုပ် အတိုင်းပါပဲ။ ဒူးဖုံးတဲ့အောက်ခံကိုဝတ်ပြီး အောက်ပိုးကျိုက်ထားတယ်။ အပေါ်ပိုင်းမှာ လက်တိုအင်္ကျီ ဝတ်ပါတယ်။ ကိုယ်ကျပ်လက်ရှည် အင်္ကျီကိုဝတ်ပြီး ကကြတာလည်း ရှိပါတယ်။ ရွှေခြေချင်းကြီးတွေ ဝတ်ပြီး ဧရာမ ရွှေဒင်္ဂါးပြားကြီးကို လည်မှာ ဆွဲတယ်။ မျက်နှာမှာတော့ ပါးကွက်ကျားနဲ့ပါ။ ခေါင်းမှာ ဆံပင်နှစ်စုကို ဘယ်ညာခွဲလို့ ဖားလျားချပြီး ဖဲကြိုးနဲ့ စည်းတယ်။ အဲဒီဆံစုနှစ်သွယ်ကို နပန်းဆံ(နားပန်ဆံ) လို့ ခေါ်ပါတယ်။ သူငယ်တော်ကို ဗျာပါဆံ နဲ့လည်း တွေ့ရပါတယ်။

“ဗျာပါဆံ က တဖက်တဆုပ်၊ မုတ်ပုတီး က တသွယ်နှစ်သွယ်၊ မမလေးရယ် ရွှေခြေချင်းက ဝါဝင်းတယ်လေး။”
ရေးသူ - အမည်မသိ
“နားအထက်ကဗွေမှာ သူပန်းပန်၊ နပန်းဆံ၊ နပန်းဆံ၊ နားထင်ဘေးက တန်းကျပြန်၊ လှမ်းကမယ့်ဟန်။
ဟေလားကွယ့်မောင်ရို့၊ ဟေလားကွယ့်မောင်ရို့၊ ဝမ်းစမိုးရော သောသောညံ။
တခါတရံများ၊ ဗျာပါဟန်ထား၊ ကြာဇံသား ဧကန်၊
ရွာခံများကမြှောက်စားပြန်၊ ယောက်ျားဘသား သာလှ နပန်းဆံ”
နပန်းဆံ၊ ရွှေပြည်အေး


ဒိုးပတ်ဝိုင်း နဲ့ သူငယ်တော်အက


အိုးစည်ဝိုင်း နဲ့ သူငယ်တော်အက

ကရတာ နည်းနည်းမောလာကြတဲ့အခါ၊ ကတဲ့သူတွေကို အနားပေးရင်း၊ ဝိုင်းတော်သားတွေက သံချပ် ထိုးကြတယ်။ သံချပ်မှာ အတိုင် နဲ့ အဖောက် ရှိပါတယ်။ ယက်ကန်းရက်ရာက လာတဲ့စကားပါ။ အတိုင်ချည်ပင်နဲ့ အဖောက်ချည်ပင်တို့ ညီညီညွတ်ညွတ် မှန်ကန်မှ အထည်ကောင်း ရပါတယ်။ သံချပ်မှာလည်းပဲ အတိုင် အဆိုပိုဒ်ကို အဖောက်အပိုဒ်နဲ့ လိုက်ရပါတယ်။ အတိုင်အဖောက် ညီတယ် ဆိုတဲ့စကားရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ သံချပ်တပိုဒ်ကို အတိုင်နဲ့အဖောက် အပြန်အလှန် တလှည့်စီ စုစုပေါင်း လေးကြိမ်ဆိုမှ ပြည့်စုံတယ်။

(၁)တိုင်။ ။ ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ။
(၂)ဖောက်။ ။ 
အမောပြေအောင်တိုက်ပါ့မမ။


(၃)တိုင်။ ။ အမောပြေအောင်တိုက်ပါ့မမ။
(၄)ဖောက်။ ။ 
ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ။

မြန်မာ့ရိုးရာမှာ သံချပ်တွေက သိပ်အရေးကြီးပါတယ်။ ပရိသတ်ကလည်း သံချပ်ကို သေသေချာချာ လေးလေးနက်နက် နားထောင်တတ်တယ်။ ဒါက မြန်မာ့ဓလေ့ပါ။ သံချပ်ရေးသူတွေကလည်း ပြုပြင်စရာတွေ၊ အမြင်မတော်တာတွေကို သံချပ်တွေနဲ့ ထောက်ပြတယ်။ နမူနာယူစရာတွေ၊ သင်္ခန်းစာ ယူစရာတွေနဲ့ ပညာပေးတာတွေ ပါတယ်။ ဟာသအဖြစ် ရယ်စရာ အပြောင်အပျက်တွေလည်း ပါတယ်။ ရယ်ရင်းနဲ့လည်း မှတ်သားစရာတွေက ရင်ထဲမှာစွဲငြိပြီး ကျန်ရစ်ခဲ့တယ်။ ခေတ်တခေတ်မှာရေးတဲ့ သံချပ်တွေက ဖြတ်သန်းသွားတဲ့ အဲဒီခေတ်ရဲ့သရုပ်ကို ကိုယ်စားပြုတာတွေချည်းပါပဲ။ ခေတ်အဆက်ဆက်မှာ မရိုးနိုင်ဘဲ သမိုင်းဝင် ကျန်ရစ်ခဲ့တဲ့ သံချပ်တွေလည်း ရှိပါတယ်။

သံချပ်ထိုးပြီဆိုရင်တော့ ဟေလာမောင်ရို့ဝါးနဲ့ အဆုံးသတ်ရပါလိမ့်မယ်။ သံချပ်တွေ ဘယ်လောက်ပဲ ဆက်ပြီးထိုးနေနေ၊ ဟေလာမောင်ရို့ဝါး ကဏ္ဍကို မရောက်သေးသမျှတော့ အဆုံးသတ်နိုင်လိမ့်ဦးမယ် မဟုတ်သေးပါ။ တကယ်တော့ ဟေလာမောင်ရို့ဝါး ဆိုတာ ပျော်ပွဲရွှင်ပွဲ အောင်မြင်မှုတခုအတွက် သံပြိုင် ညီညီညာညာ အားရပါးရ ဆိုပြီး ပွဲသိမ်းတဲ့ အောင်ပွဲရဲ့ ကြွေးကြော်သံပါ။

“ဟေ့ မောင်ရို့၊ ဟေ့ မောင်ရို့၊ ဟေလာမောင်ရို့ဝါး။”



ရန်ဝင်း (တောင်တံခါး)
ဇူလိုင် ၂၁၊ ၂၀၁၀



အထူးကျေးဇူးတင်စွာဖြင့် ကိုးကားခြင်း

(၁) ရွှေရိုး ဘကလေး၊ ဒုတိယတွဲ (လူထုဒေါ်အမာ)၊ မတ်လ၊ ၁၉၆၉
(၂) မြန်မာ့သဘင်မှုအခြေပြ (မျိုးမြင့်စော)၊ နိုဝင်ဘာလ၊ ၁၉၆၆
(၃) ကဗျာ့ဥယျာဉ် (ဇော်ဂျီ၊ မင်းသုဝဏ်၊ ဦးဘ ရွေးချယ်တည်းဖြတ်သည်)
(၄) မြန်မာမှုသုတေသနစာ (ဝင်းမောင်-တမ္ပဝတီ)၊ ဇွန်လ ၂ဝဝ၆